vjneareast-836-qatar-cool-stadium > app > burmese > core

Test Page

Core include appears below:

ပြီးခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလက ဒိုဟာက ကာတာ ပညာရေး မြို့တော် ဘောလုံးကွင်းမှာ ကျင်းပခဲ့တဲ့ ဖီဖာကမ္ဘာ့ကလပ်အသင်းများ ဖလား ဆီမီးဖိုင်နယ်မှာ Tigres UANL  အသင်းက Luis Quinones သူ့ကိုယ်ပေါ်ကို ရေတွေလောင်းချခဲ့ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလား - သဲကန္တာရ ထဲက ဘောလုံးကွင်းကို ဘယ်လို အအေးပေး

၂၀၂၂ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အိမ်ရှင်အဖြစ် ကာတာနိုင်ငံကို ရွေးချယ်ခဲ့တာနဲ့ ပတ်သက်လို့ အတော်များများက မေးခွန်းတွေ ထုတ်ခဲ့ကြပါတယ်။ ကာတာရဲ့ လူ့အခွင့်အရေး မှတ်တမ်းမကောင်းတာ အပြင် အပူချိန် ၄၀ ဒီဂရီ ဆဲလ်စီးယက်စ် အထက်ရှိတဲ့ နိုင်ငံအတွင်း ဘောလုံးသမားတွေနဲ့ ပရိတ်သတ်တွေ ကစားရေး သွားလာရေး အတွက် စိန်ခေါ်မှုတွေ ရှိနေတာကြောင့် ဖြစ်ပါတယ်။

ပြိုင်ပွဲကို ဆောင်းရာသီအတွင်း ကျင်းပဖို့ ဆိုတာက အဖြေတစ်ခုပါ။ ဒါပေမဲ့ ကာတာဟာ ချမ်းသာ ကြွယ်ဝတဲ့ နိုင်ငံ ဖြစ်တာကြောင့် နည်းပညာအဆင့်မြင့်မားရင် ကမ္ဘာ့အပူချိန် အမြင့်ဆုံး နိုင်ငံတွေမှာလည်း အားကစားပြိုင်ပွဲကြီးတွေကို တစ်နှစ်ပတ်လုံး ကျင်းပနိုင်တယ်ဆိုတဲ့ သမိုင်းကို ချန်ခဲ့ချင်ပါတယ်။ ကာတာ က ဘောလုံးသမား ဟာဂျာ ဆာလာကတော့ အပူချိန်နဲ့ စိုထိုင်းမှုတွေကြောင့် ဒီဒေသတွင်းမှာ ဘောလုံးကစားရတာ အင်မတန် ကြီးမားတဲ့ စိန်ခေါ်မှုကြီး ဖြစ်တယ်လို့ ပြောပါတယ်။

ဒီလို အခြေအနေမှာ ကမ္ဘာ့ သဘာဝပတ်ဝန်းကျင်လည်း မထိခိုက်စေဘဲ ကစားသမားတွေနဲ့ ပရိတ်သတ်တွေ နေသာထိုင်သာ ရှိစေအောင် ဘယ်လို လုပ်ကြမလဲ။

အဲလ် ဂျန်နု အားကစားကွင်း အတွင်း လေပူများ လည်ပတ်ပုံကို အနီရောင် မြားဖြင့် ဖော်ပြထား

ဘောလုံးကွင်းရဲ့ မြက်ခင်းပြင်နဲ့ ပွဲကြည့်စဉ်တွေမှာပါ အပူမလွန်ကဲစေဖို့ တီထွင်ကြံဆ အဖြေရှာခဲ့ကြပါတယ်။ ဘာတွေ လုပ်ပေးထားသလဲ ဆက်ကြည့်ရအောင်ပါ။

ပွဲနေ့မှာ ကွင်းထဲမှာ လာကြည့်တဲ့ ပရိတ်သတ် ၄၀၀၀၀ လောက်ရှိပါမယ်။ အဲဒီ ပရိတ်သတ်တိုင်းက အပူရှိန်နဲ့ အငွေ့ပျံမှုတွေထုတ်နေမှာပါ။

ကာတာရဲ့ ပတ်ဝန်းကျင် အပူချိန်ရယ်၊ ကွင်းအတွင်းထုတ်ကြတဲ့ ပူနွေးမှုတွေကြောင့် မွန်းကျပ်မနေစေဖို့ ထိရောက်တဲ့ အအေးပေးစနစ်တွေ လိုလာပါတယ်။

ပရိတ်သတ်တွေ အပူဒဏ် သက်သာစေဖို့ ထိုင်ခုံအောက် လေထုတ်ပေါက်တွေကတဆင့် လေအေးတွေ ထုတ်ပေးထားမှာ ဖြစ်ပါတယ်။

လေပြွန်နှုတ်သီးငယ်တွေက ထွက်လာတဲ့ လေအေးတွေက ပရိတ်သတ်တွေအပေါ် ရစ်ပတ်လွှမ်းခြုံထားမှာ ဖြစ်ပါတယ်။

လေယာဉ်တွေပေါ်မှာပါတဲ့ လေပြွန်ခေါင်းတွေက ထွက်တဲ့လေလို မဟုတ်ဘဲ လေအေးတွေကို ညင်ညင်သာသာလေး ထုတ်ပေးထားမှာ ဖြစ်ပါတယ်။

ဒါကပရိတ်သတ်တွေ အတွက် အဆင်ပြေစေနိုင်ပေမဲ့ ကွင်းထဲက ဘောလုံးသမားတွေ အတွက်ရော ဘယ်လို စီစဉ်ပေးမလဲ။

ဒီနေ့ခေတ် ဘောလုံးသမားတွေဟာ ပွဲ တပွဲကို ၁၀ ကီလိုမီတာမက ပြေးကြရပါတယ်။ ချွေး ၃ လီတာလောက် အထိ ထွက်နိုင်တဲ့ အတွက် သူတို့ ခန္ဓာကိုယ်မှာ ရေဓာတ် မခန်းဖို့နဲ့ အပူမလွန်ကဲအောင် ထိန်းပေးဖို့ လိုအပ်ပါတယ်။

အဲလ် ဂျန်နု အားကစားကွင်း၊ ကာတာရဲ့ မြက်ခင်းနဲ့ ပွဲကြည့်စင်အတွင်း လေအေးရောက်ရှိပုံကို အပြာရောင်ဖြင့် ဖော်ပြထား

ကာတာလို စိုထိုင်းမှု များတဲ့ တိုင်းပြည်မှာ ချွေး အငွေ့ပျံတာ နည်းတတ်တာကြောင့် ခန္ဓာကိုယ်မှာ အပူလွန်ကဲပြီး ခြေကုန်လက်ပန်း ကျတာမျိုး ဖြစ်တတ်ပါတယ်။

ဒါကြောင့် ကာတာ ကမ္ဘာ့ဖလား ဘောလုံးကွင်းတွေထဲမှာ မြက်ခင်းပြင်ပေါ်မှာ အေးနေစေဖို့ လေအေးတွေကို လေပြွန်ကြီးတွေကနေ တဆင့် ထုတ်လွှတ်ပေးထားမှာ ဖြစ်ပါတယ်။

လေအေးပြွန်ခေါင်းတွေကို လှည့်ပေးထားတဲ့ ထောင့်နဲ့ လေအေးတွေ အနိမ့်ကို ဆင်းလာပုံတွေကြောင့် ဘောလုံးသမားတွေ အနေနဲ့ လေအေးလေး တိုက်သွားတာမျိုးတောင် ခံစားမိမှာ မဟုတ်ဘူးလို့ အဲဒီ လေအေးပေး စနစ်ကို တီထွင်တပ်ဆင်ရာမှာ ပါဝင်တဲ့ ပညာရှင် ဒေါက်တာ ဆော့ဒ် အဗ္ဗဒူလ် ဂါနီက ပြောပါတယ်။

အဲဒီ လေအေးတွေဟာ ကွင်းအတွင်း မြက်ခင်းပြင်နဲ့ ပွဲကြည့်စင်တွေရဲ့ အထက် ၂ မီတာ ထက်မပိုတဲ့ အမြင့်မှာ လေပူပေါင်းသဖွယ်ရှိနေမှာ ဖြစ်ပြီး လေအေးတွေဟာ ကန္တာရ ကောင်းကင်ပြင်ထဲကို လွင့်ပျံ ထွက်သွားမှာ မဟုတ်ပါဘူး၊ ဆိုတော့ ဒီလေအေးတွေက ရှေ့ဘာ ဆက်ဖြစ်မလဲ။

အဲဒီ လေအေးတွေ ပူနွေးလာတဲ့ အခါမှာတော့ ပွဲကြည့်စင် အလယ်ဆင့်မှာ ရှိတဲ့ လေစုပ်စက်တွေကနေ စုပ်ယူလိုက်မှာ ဖြစ်ပါတယ်။

အဲဒီ စုပ်ယူထားတဲ့ လေတွေကို ပြန်လည် သန့်စင် အအေးခံပေးပြီး ကွင်းထဲကို ပြန်ထုတ်လွှတ်ပေးလို့ ကွင်းအတွင်း လေအေး ပတ်လမ်းရှိနေစေပါတယ်။

လေပူတွေက အပူတွေကို စုပ်ယူထားတဲ့ ရေအေးတွေကိုတော့ ၃ ကီလိုမီတာ အကွာအဝေးမှာ ရှိတဲ့ လီတာ ၄၀၀၀၀ ဆန့်တဲ့ ရေလှောင်ကန်ဆီကို လွှတ်ထုတ်လိုက်မှာ ဖြစ်ပြီး နောက်တပွဲအတွက် အသုံးပြုနိုင်ဖို့ အတွက် အဲဒီကန်မှာ ပြန်အအေးခံမှာ ဖြစ်ပါတယ်။

အားကစားကွင်းနဲ့ ဆိုလာပြားများ

အဲဒီ လေအေးပေး စနစ်ကြီး တခုလုံး လည်ပတ်ဖို့ အတွက် မကြာသေးခင်က တည်ဆောက်ပြီးစီးခဲ့တဲ့ ကာတာရဲ့ မြို့တော် ဒိုဟာနဲ့ ကီလိုမီတာ ၈၀ အကွာမှာ ရှိတဲ့ နေစွမ်းအင်သုံး စက်ရုံကနေ ဓာတ်အားပေးမှာ ဖြစ်ပါတယ်။

ဒေါက်တာ ကူးလ်

ဒီလေအေးပေး စနစ်ကို ဖန်တီး တီထွင်ရာမှာ ပါဝင်တဲ့ ဒေါက်တာ ဆော့ဒ်အဗ္ဗဒူလ် ဂါနီက ကာတာက ဘောလုံးပွဲ ပြီးလို့ ဘောလုံးသမားတွေ အိမ်ပြန်သွားတဲ့ နောက်ပိုင်းမှာတောင် ကောင်းမွေတခုကို ချန်ထားချင်တဲ့ အကြောင်း ဘီဘီစီကို ပြောပါတယ်။

သူက အပူကို အံ့တုခြင်း လို့ အမည်ပေးထားတဲ့ လူအများကြီး နေသာထိုင်သာ ရှိတဲ့ ပတ်ဝန်းကျင်မျိုးကို ဖန်တီးရေး အတွက် ကျယ်ကျယ်ပြန့်ပြန့် လေ့လာခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၉ ကာတာ ကမ္ဘာ့ပြေးခုန်ပစ် ပြိုင်ပွဲအတွင်း အားကစားသမားတွေ၊ ပရိတ်သတ်တွေနဲ့ တွေ့ဆုံမှုတွေကလည်း အခု ကမ္ဘာ့ဖလားပွဲမှာ ဘောလုံးသမားတွေနဲ့ ပရိတ်သတ်တွေ အတွက် ပိုမို အကျိုးဖြစ်စေမယ့် ဒီဇိုင်းထုတ်ဖို့ အထောက်အကူ ဖြစ်စေခဲ့ကြောင်း ပြောပါတယ်။

ဘောလုံးသမားတွေဘက်က အမြင်

ဘီဘီစီက ကာတာ အမျိုးသမီး ဘောလုံးအသင်းရဲ့ နောက်ခံလူဖြစ်ပြီး ၁၁ နှစ်အရွယ်ကတည်းက ဘောလုံး ကစားလာတဲ့ ဟာဂျာ ဆာလာနဲ့ တွေ့ဆုံခဲ့ပါတယ်။ သူဟာ အင်မတန် ပြင်းထန်တဲ့ ပတ်ဝန်းကျင် အခြေအနေမှာ အဆင့်မြင့်မြင့် ဘယ်လိုကစားရမလဲ ဆိုတာ သိနားလည်ပြီးသူ ဖြစ်ပါတယ်။ သူ့အဆိုအရ စိုထိုင်းမှုက အကြီးဆုံး စိန်ခေါ်မှုကြီး ဖြစ်ပါတယ်။

ပူတယ်ဆိုတာကတော့ ရိုးနေပါပြီ။ ဒါပေမယ့် အပူနဲ့ စိုထိုင်းမှုတွေ ပေါင်းလိုက်ရင်တော့ တော်တော်ကို ဒုက္ခရောက်ပါတယ်။ ဟာဂျာ ဆာလာ

ဟာဂျာဟာ လေအေးပေး စနစ်သစ်တွေ တပ်ထားတဲ့ ခါလီဖာ ကွင်းနဲ့ ပညာရေးမြို့တော် ကွင်းတွေမှာ အဦးဆုံး ကစားခွင့်ရထားသူ ဖြစ်ပါတယ်။

ကာတာရဲ့ အပူဆုံး လ တစ်လဖြစ်တဲ့ ဇွန်လ အတွင်းမှာ ကစားခဲ့တာတောင်မှ တော်တော်ကို သိသာတယ်လို့ သူက ပြောပါတယ်။

ဒီ လေအေးပေး စနစ်က သဘာဝပတ်ဝန်းကျင်အတွက်သင့်တော်ပါ့မလား။

၂၀၂၂ ကာတာ ကမ္ဘာ့ဖလား စီစဉ်သူတွေကတော့ အခုလို တစ်ကွင်းလုံး လေအေးပေး နိုင်ဖို့ လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားအတွက် ဖန်လုံအိမ် အာနိသင်ရှိတဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှုတွေ တိုးလာမှာ မဟုတ်ဘူး၊ အဲဒီ လျှပ်စစ်ဓာတ်အားတွေက နေစွမ်းအင်သုံး ဓာတ်အားပေး စက်ရုံကနေ ထုတ်ယူထားတာကြောင့်လို့ ဆိုပါတယ်။

ဒါပေမယ့် ပြိုင်ပွဲကာလ တလျှောက်လုံး ကာဘွန် သုည ဖြစ်စေရေးကတော့ ပိုကြီးမားတဲ့ ရည်မှန်းချက် ဖြစ်ပါလိမ့်မယ်။

ဒီ ဘောလုံးကွင်းတွေ တည်ဆောက်စဉ်က ထုတ်လွှတ်ခဲ့တဲ့ ကာဘွန် ပမာဏဟာ အဲဒီ ကွင်းတွေရဲ့ ကာဘွန်ခြေရာ စုစုပေါင်းရဲ့ ၉၀% ရှိတယ်လို့ ဆိုပါတယ်။ ဖန်လုံအိမ် အာနိသင် ဓာတ်ငွေ့တန်ချိန် ၈ သိန်းလောက် လေထုထဲကို ထုတ်လွှတ်ခဲ့မယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒါဟာ ခရီးသည်တင် ကားတစင်းနဲ့ ကမ္ဘာကြီးကို အပတ်ပေါင်း ၈၀၀၀၀ ပတ်တာနဲ့ ညီမျှတာကို အမေရိကန် သဘာဝ ပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေး အေဂျင်စီရဲ့ ကာဘွန်ထုတ်လွှတ်မှု ဆိုင်ရာ တွက်ချက်မှုအရ သိရပါတယ်။

ဘောလုံးကွင်းတွေကနေ ကျော်ပြီးစဉ်းစားမယ် ဆိုရင်တော့ ဒီကမ္ဘာ့ဖလားကို လာကြမယ့် လူတွေစီးလာမယ့် လေကြောင်းခရီးစဉ်တွေရဲ့ အကျိုးသက်ရောက်မှုတွေကို ချန်ထားလို့ မရပါဘူး။

ဖီဖာကတော့ အခုပြိုင်ပွဲ ကျင်းပတဲ့ နေရာတွေက တစ်ခုနဲ့တစ်ခု သိပ်မဝေးတာကြောင့် ခရီးသွားလာရာမှာ ထွက်လာမယ့် ကာဘွန်ထုတ်လွှတ်မှုတွေက အရင် ၂၀၁၈ ရုရှားကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ ၃ ပုံ ၁ ပုံတောင် ရှိမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ကာတာရဲ့ အစိမ်းရောင် ကတိစကားအရ ကာဘွန် ခုနှိမ်နည်းတွေနဲ့ အရင် ထုတ်လွှတ်ပြီးသား ကာဘွန်ဒိုင်အောက်ဆိုက်ဒ်တွေကို ပြန်ထေမိစေဖို့ လုပ်မှာ ဖြစ်ပါတယ်။

ခုထိတော့ ဒါကို ဘယ်လို အကောင်အထည်ဖော်မလဲ ကွဲကွဲပြားပြား မသိရသေးပါဘူး။ ဖီဖာကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲက ထွက်လာမယ့် ကာဘွန်ထုတ်လွှတ်မှုတွေကို ချေဖျက်ဖို့ စွမ်းအင် နည်းနည်းနဲ့ အကျိုးရှိအောင် သုံးစွဲတာ၊ အမှိုက်စွန့်ပစ်မှု စီမံခန့်ခွဲတာ၊ ပြည့်ဖြိုးမြဲစွမ်းအင် အပိုင်းနဲ့ သစ်ပင်တွေ စိုက်တာမျိုး အပါအဝင် နည်းပညာမျိုးစုံ နည်းလမ်းစုံကို သုံးနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဘယ်စီမံကိန်းတွေကို အပြီးသတ် ရွေးချယ်သွားမလဲ ဆိုတာကိုတော့ မပြောနိုင်သေးပါဘူး။

ဒီနည်းတွေနဲ့ လေထုထဲက ကာဘွန်တွေကို စုပ်ယူပစ်ဖို့ အတွက်ဆိုရင် ဆယ်စုနှစ်များစွာ ကြာနိုင်ပါတယ်။ မကြာသေးခင်က ဘီဘီစီက လုပ်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုအရဆို ကာဘွန်ကိုချေဖျက်ဖို့ စိုက်ထားတယ်ဆိုတဲ့ သစ်တောတချို့ဟာ တကယ်တမ်း စာရွက်ပေါ်မှာသာ ရှိနေတာ ဖြစ်ပါတယ်။

ဆိုတော့ ကာတာ အနေနဲ့ သူတို့ ပြောထားတဲ့ အစိမ်းရောင် ရည်မှန်းချက်တွေကို တကယ် အကောင်အထည် ဖော်နိုင်မလား၊ ဆက်ထိန်းသိမ်းသွားနိုင်မလား ဒါမှမဟုတ် ဒီစကားတွေက လေပူတွေလိုပဲ လွင့်ပျံသွားမလား ဆိုတာ သိရဖို့ အချိန်တစ်ခုတော့ ကြာဦးမှာ ဖြစ်ပါတယ်။

ကာတာဟာ တဘက်မှာလည်း ဘောလုံးကွင်း တည်ဆောက်ရေး လုပ်ငန်းခွင်မှာ ပြည်ပက လာရောက်လုပ်ကိုင်ကြတဲ့ အလုပ်သမား ၃၀၀၀၀ အတွင်း အသေအပျာက်နှုန်းများတာနဲ့ အပြင်းအထန် ဒဏ်ရာ ရရှိမှုတွေ ရှိနေတာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ နောက်ပြီး အတင်းအကြပ် ခိုင်းစေမှု၊ လုပ်ငန်းခွင် အခြေအနေ ဆိုးရွားမှု၊ အလုပ်သမား အိမ်ရာတွေ မသန့်ရှင်းမှု၊ လုပ်ခလစာ မရရှိမှုနဲ့ နိုင်ငံကူးလက်မှတ်တွေကို သိမ်းဆည်းထားတာတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိနေပါတယ်။

ကာတာ အစိုးရကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ က စပြီး ပြည်ပက လာကြတဲ့ လုပ်သားတွေကို ပြင်းထန်တဲ့ အပူချိန်အောက်မှာ အလုပ်မလုပ်စေဖို့ ကာကွယ်ပေးထားတယ်၊ အလုပ်ချိန် သတ်မှတ်ပေးထားပြီး အလုပ်သမားအိမ်ရာတွေတွေကိုလည်း ပိုကောင်းအောင် စီစဉ်ပေးထားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၂၀၂၁ တစ်နှစ်ထဲမှာပဲ ကာတာ ကမ္ဘာ့ဖလား နဲ့ ဆက်စပ်နေတဲ့ တည်ဆောက်ရေး လုပ်ငန်းခွင်တွေအတွင်း အလုပ်သမား ၅၀ သေဆုံးပြီး ၅၀၀ ကျော်မှာ ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့က ကောက်ယူထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။ ဘောလုံးကွင်းပြင်ပက အခြေအနေတွေအပေါ်မှာလည်း ကာတာကို စောင့်ကြည့်သူတွေ ရှိနေပါတယ်။

...there we go.